နေ့စွဲ။ ။ ၁၃၊၃၊၀၈
အချိန်။ ။ နေ့လယ် တစ်နာရီ
နေရာ။ ။ ရုံးချုပ်
မမကိုခေါ်ပေးဖို့အရေး တာဝန်မှူးကို မျက်နှာချိုသွေးလိုက်ရသည်။
“လိုင်းခွဲ ၄၄ က ခင်မမနဲ့ တွေ့ချင်လို့ပါဆရာ”
ဟု ဆိုကာ ခေါ်ခဲ အခေါ်နည်းသော ဆရာ ဟူသည့် စကားကို မမအတွက် နှမြောစွာ သုံးစွဲလိုက်ရသည်။ ဧည့်သည်သံကို ကြားရုံဖြင့် တာဝန်မှူးသည် မျက်မှောင်ကို ကြုတ်ကာ ဖုန်းကို ဆတ်ခနဲဆွဲကာ
“ခင်မမ ဧည့်သည်ရောက်တယ်”
ဟု တိုတိုနှင့် မာဆတ်ဆတ်ပြောကာ ဖုန်းကို ခွပ်ခနဲမြည်အောင် ချလိုက်သည်။ လိပ်ပြာပင် လန့်သွားသည်ထိ။ သူကတော့ သူ့ထုံးစံအတိုင်း သည်လိုတစ်ခါပဲ ခေါ်ပေးသည်။ ထပ်အတွန့်တက်၍မရ။ နောက်တစ်ခါ ထပ်ခေါ်ခိုင်းရင်ဖြင့်လား တာဝန်မှူး၏ မျက်စောင်းငယ်မျှနှင့်ပင် ငရဲကြီးကိုးထပ်မှာ ချိုးကပ်သွားနိုင်သည်။ လက်ထဲတွင်ကိုင်ထားသော ကွမ်းယာထုပ်ကို ဖြေသည်။ အိုး... တာဝန်မှူးကြီး နှုတ်ခမ်းလေးတွေလည်း နီနေပါလား။ သူလည်း ကွမ်းသမားပေပဲ။
“ဆရာ ကွမ်းသုံးဆောင် ပါဦးလား”
“ဘာကွမ်းလဲကွ”
“အာမွှေး ဆေးမွှေးပါ”
“အေး....စားကြည့်ရသေးတာပေါ့ကွာ”
ကွမ်းတစ်ယာဒါနပြုလိုက်သည်။ တို့လည်း ကွမ်းတစ်ယာကို ထုတ်စားသည်။ မမသာ ဧည့်ခန်းကို ဆင်းမလာရင်ဖြင့် နောက်ထပ် ရေတစ်မှုတ်သောက်ကာ ပြန်ပေတော့။
“ကောင်းတယ်ကွ ဘယ်ကကွမ်းလဲ”
“ဆယ့်ခြောက်ကွေ့ကပါ”
“အေးကွာ အစပ်အဟပ် တော်တော်ကောင်းတဲ့ ကွမ်းယာ”
ကွမ်းတစ်ယာ ညက်သည်။ မမကတော့ ခုထိပေါ်မလာ။
ခုမှပင် ကွမ်းတန်ခိုးက ပြသည်။
“နို့ နေပါဦး၊ မင်းဧည့်သည်က ဘယ်သူ”
“၄၄ က ခင်မမပါ”
တာဝန်မှူးသည် ခုန ပုဏ္ဏက။ ခုတော့ ၀ိဓူရ။
“ဟေး....ခင်မမ ဧည့်သည်ရောက်နေတယ်ဆို”
“ဘာလဲ မလာဘူးလား”
တို့ရင်မှာ ထိသွားသည်။
“အေး..အေး လာရင်လည်း မြန်မြန်လွှတ်လိုက်”
ဖုန်းချသံ ညင်သာသည်။ ညင်သာစွာရွေ့လျားလာသည့် ခြေလှမ်းတစ်စုံကို ထပ်မံ၍ တွေ့ရ သည်။ လူမရောက်ခင် ချိုမြမြ အပြုံးတချို့ကို အရင်ပို့သည်။ တို့ဘေးကခုံမှာ မမ ၀င်ထိုင်သည်။
“မောင်စိုးဦး ရောက်နေတာ ကြာပြီလား”
“ခုနလေးမှပါ”
တို့ ခုနလေးမှပါဆိုသော ဝေါဟာရသည် ကွမ်းတစ်ယာညက်နှင့် ဒူးယားတစ်လိပ် ဖင်စီခံ ကပ်သည်အထိ ကြာပါသည်။
“ဒီကို သက်သက်ပဲလား”
“ဘဏ် ၂ ကို လာရင်းနဲ့ပါ”
တကယ်တော့လည်း ဘဏ် ၂ ကို သွားစရာကိစ္စလုံးဝ မရှိပါ။
“ဒီလ ရှုမ၀”
“ဟုတ်သားပဲ၊ မနေ့ကတောင် ငှားဖတ်ဦးမလို့၊ မောင်စောဦး ၀ယ်လာတာလား”
“ဟုတ်ပါတယ်”
“ကဗျာ ပါလို့လား”
“မပါပါဘူး”
“ကျေးဇူးပဲနော်”
“ကြည့်စမ်း... မေ့နေလိုက်တာ လက်ဖက်ရည် သောက်ဦးမလား”
မမမို့လို့ မေးရက်သည်။ လက်ဖက်ရည်သောက်ချင်တာထက် မမနဲ့ ကြာကြာနေချင်လို့ပါဟု အရဲစွန့်၍ ပြောလိုက်ချင်သည်။ ဒါပေမယ့် လောက၀တ်စကားတချို့ကိုသာ ပြောလိုက်မိသည်။
“မမအားရဲ့လား”
“အားပါတယ်”
“ဒါဖြင့် သွားလေ”
နိုင်ကြီးမှာ ထိုင်သည်။ မမနှင့်သွားသောက်လျှင် ဒီဆိုင် မှာ ထိုင်စမြဲ။ တို့အတွက် ချိုပေါ့ကျတစ်ခွက်ကို အရင်ချပေး သည်။ ပြီးမှ မမဖို့ ရိုးရိုးကြီး ဇေယျတစ်ခွက်။
ကဗျာဆန်ဆန် အသုံးအနှုန်းလေးတွေဖြင့် တန်ဆာဆင် ကာ ရည်းစားစကားလိုလို၊ ထမင်းစားရေသောက် စကား ယောင်ယောင်ပြောဖို့ စီစဉ်ထားသမျှ ဘယ်ကို လွင့်သွားသည် မသိ။ ဒူးယားကိုသာ တစ်လိပ်ပြီးတစ်လိပ် ဖွာနေမိသည်။
“ဆေးလိပ်ကလည်း သောက်လိုက်တာ”
“ပျင်းလို့ပါ”
“မဆိုင်တာပဲ”
ရေခဲလက်ဖက်ရည်ကို စိတ်မပါ့တပါနှင့် သောက်သည်။ မမကိုပဲလား၊ ကိုယ့်ကိုယ်ကိုပဲလားမသိ ရင်ထဲကမကျေနပ်။
လက်ဖက်ရည်ဖိုး လုပေးသည်။ တို့ပင် အနိုင်ရသည်။
မမအတွက်သာဆိုလျှင် တို့ကပင် ထာဝရ ဖြည့်ဆည်း ပေးနေချင်ပါသည်။
နေ့စွဲ။ ။ ၁၁၊၅၊၈၀
အချိန်။ ။ နေ့လယ် ဆယ့်နှစ်နာရီ
နေရာ။ ။ မေတ္တာလမ်းထိပ်
မေတ္တာရှင် ကွမ်းယာဆိုင်
ရုံးပိတ်သည့် တစ်ရက်ကလေးကိုပင် ရင်ထဲမှာ နေရ ထိုင်ရခက်လွန်းသဖြင့် မမတို့အိမ်ရှိရာကို ဦးတည်ပြီးလာခဲ့ သည်။ လမ်းထိပ်ကို ရောက်မှပင် မသွားဝံ့ပြန်သဖြင့် ရပ်၍နေရသေးသည်။ ပင်လယ်ကြီးတစ်ခုလုံးကို ဖြတ်ကူးခဲ့ပြီး ကမ်းစပ်နားကို ရောက်ခါနီးမှပင် လက်ပန်းကျသလို ဖြစ်သွားသည်။
လမ်းထိပ်မှာရပ်ရင်း မမအပြင်ကိုထွက်ရင်လည်း တွေ့လို တွေ့ငြား၊ အပြင်က ပြန်လာရင်လည်း တွေ့လိုတွေ့ငြား သဘော ဖြင့် မြင်သာသည့် ကွမ်းယာဆိုင်လေးထဲကို ၀င်လိုက်သည်။ ကွမ်းယာထဲကအချိုထက် ချိုသော ကွမ်းယာသည်လေး၏ အပြုံးကို စ၍တွေ့သည်။
“ကွမ်းနှစ်ယာပေးပါ”
“အချိုလား အစ်ကို”
“မဟုတ်ဘူး၊ စမုံစပါး၊ အာမွှေး၊ ဆေးမွှေး”
ကွမ်းကို ကျင်လည်စွာ ယာသည်။ ကွမ်းယာသည့်လက် ကလွဲ၍ တစ်ကိုယ်လုံး ဖြူစင်နေသည်။ သူ့လက်ကလေးမှာ တော့ ရှားစေးနှင့် ထုံးစပ်ကာ ပန်းချီရေးထားသည်။ ကွမ်းယာ ဆိုင်ကိုသာဝင်သည်။ တို့မျက်လုံးတွေက အပြင်မှာချည်း။
“အစ်ကို ဇာပွင့်လေး နည်းနည်းထည့်လိုက်မယ်နော်”
“ရပါတယ်”
ကွမ်းကို ၀ါးကြည့်သည်။ မဆိုး။
“ဘာလိုသေးလဲ အစ်ကို”
လက်ကို ကာပြသည်။ ကွမ်းစားရင်း စကားပြောရသည် မှာ အားနာဖို့ကောင်းသည်။ ကွမ်းတံတွေးတွေ ပေနေသော သွားသည် ညစ်ညမ်းညမ်းနှင့် အကျည်းတန်သည်။
“အစ်ကိုက ဒီပတ်ဝန်းကျင်က ဟုတ်မယ် မထင်ပါဘူး”
“ဟုတ်ပါတယ်။ ဒီလမ်းထဲကို အလည်လာတာပါ”
“သြော်....”
သြော်ထက် မပိုတော့ပါ။ တို့ကလည်း ကွမ်းတစ်ယာ ညက်အပြီး နောက်ထပ်တစ်ယာကို ၀ါးကာ မမတို့အိမ်သို့ ချီတက်ပါသည်။ ကွမ်းဖီလင်ကြောင့် မျက်စိထဲမှာ နည်းနည်း ၀ါးနေသည်။ လက်ထဲက နာရီကို ကြည့်လိုက်သည်။
အချိန်... နေ့လယ် ဆယ့်နှစ်နာရီခွဲ။
ခင်ရိပ်သာ ရှေ့ကိုရောက်သည်။ တစ်အိမ်လုံး အမျိုးသမီး တွေချည်းမို့ အမျိုးသမီးအားလုံးမှာလည်း ခင်တွေချည်းမို့ ခင်ရိပ်သာဟု အမည်ပေးထားမှန်း မမက ကြိုတင်ပြောထားသည်။
မမတို့အမေက ဒေါ်ခင်နီ၊ မမတို့အစ်မက ဒေါ်ခင်မူ အေး၊ မမညီမလေးနာမည်က ခင်မြင့်ဝေ၊ မမတို့အိမ်က အိမ်ကူ နာမည်က မခင်မြင့်။
လူခေါ် ဘဲလ်ကိုနှိပ်သည်။ ထူးဆန်းသည့် စန္ဒရားသံ လေးတွေကို ကြားသည်။ စန္ဒရားသံထက် ချိုသော စကားသံ လေးတွေကို ကြားသည်။
“ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ”
“မမ၊ အဲ... ခင်မမနဲ့ပါ”
“မမ ဒီနေ့ မေမေနဲ့ သုံးခွလိုက်သွားပါတယ်။ ဘယ်သူ လာတယ်လို့ပြောလိုက်ရမလဲ”
“စောဦးလာတယ်လို့...”
“ဟာ... အစ်ကိုက ကိုစောဦးလား၊ ၀င်ဦးလေ၊ ဝေေ၀ က လူစိမ်းမှတ်လို့”
သည်ကတည်းက ခင်မြင့်ဝေမှန်းတို့ ရိပ်မိသည်။ မ၀င်လိုက်က မိုက်သည်ထင်မှာစိုး၍ ၀င်လိုက်သည်။
“ခဏနော် အစ်ကို၊ အဲဒီမမကလည်း အစ်ကိုလာမှာကို မသိဘူး ထင်ပါရဲ့”
“ဟုတ်တယ် ကျွန်တော်လည်း ပြောမထားမိဘူး”
ခင်မြင့်ဝေ ခန်းဆီးလေးကိုဖယ်၍ ၀င်သွားသည်။ အချိန် အနည်းငယ်အတွင်းမှာပင် အအေးခွက်လေးတွေနှင့် အတူတူ မမလိုပင် မျက်မှန်တပ်ထားသော ယဉ်ယဉ်ခန့်ခန့် အမျိုးသမီး တစ်ဦး ထပ်ရောက်လာသည်။
“ဒါ ဝေေ၀တို့ အစ်မအကြီးဆုံးလေ၊ ဒေါ်ခင်မူအေးတဲ့၊ စာရင်းရုံးမှာ လုပ်တယ်”
“မမကြီး ဒါ မမပြောပြောနေတဲ့ ကိုစောဦးလေ၊ ကဗျာတွေ၊ ၀တ္ထုတွေ ရေးတယ်”
“သြော်...သြော်”
သြော်ထက်မပိုပါ။ ဒေါ်ခင်မူအေးသည် ထိုင်ရာမှ ထကာ ကွန်ပျူတာ ဂဏန်းပေါင်းစက်လေးကို တဒက်ဒက်ဖြင့်နှိပ်နေပါ
တော့သည်။ တို့သာ သာလိကာလေး ခင်မြင့်ဝေ၏ဘုန်းတော် ဘွဲ့များကြားတွင် ဘုတ်လိုလို ကျီးလိုလို ဖြစ်၍နေသည်။
“ဒါနဲ့ မမက ဘယ်တော့ ပြန်လာမလဲ”
“နည်းနည်းတော့ မိုးချုပ်မယ် ထင်ပါရဲ့”
ခုနက ကွမ်းစားပြီးသားမို့ ရေတစ်ခွက်ပဲ တောင်း၍ သောက်လိုက်ပါသည်။ ခင်မြင့်ဝေ ဆန်ပြုတ်မတိုက်ပေမယ့် တို့ ဆုတ်၍ ပြန်ခဲ့ပါသည်။
နေ့စွဲ။ ။ ၁၇၊၆၊၈၀
အချိန်။ ။ မနက် ၈း၃၀
နေရာ။ ။ မေတ္တာရှင်ကွမ်းယာဆိုင်
“ဟော... အစ်ကိုစောဦး”
မေတ္တရှင်မကလေးက တို့ကိုမှတ်မိရုံပင်မက နာမည် ကိုပါ သိနေသည်။
“အစ်ကိုဘယ်လဲ၊ ခင်ရိပ်သာကို လာတာလား”
သည်ကလေးမ ရင်ထဲမှာ ပုဏ္ဏားကလေးရှိနေပုံရသည်။ တို့လည်း အရှက်ပြေ ၀န်ခံအပြုံးလေးတစ်ခုတုံ့ပြန်လိုက်မိသည်။
“အစ်ကို ကွမ်းစားဦးမလား”
“နှစ်ယာလောက်ကွာ”
ဘာတွေထည့်ယာဟု ပြောစရာပင်မလိုတော့။
“အစ်ကိုရေးတဲ့ ၀တ္ထုလေးတွေကို မိငယ်ဖတ်ဖူးပါတယ်။ အစ်ကို ကွမ်းစားတာကျတော့ ထည့်ရေးတယ်၊ အစ်ကို တို့တွေ ညနေဘက် အရက်သောက်တာတော့ ထည့်မရေးဘူးလား”
“ဟဲ့ ဒါဘယ်ရေးလို့ဖြစ်မလဲ”
“မိငယ်တို့ အသိတစ်ယောက်က ပြောတယ်၊ အစ်ကိုတို့ တွေကို ညနေဘက်မှာတွေ့ချင်ရင် ပဲခူးကလပ်ကို သွားတဲ့။ အရက်ကတော့ လူကို မနိုင်ပါစေနဲ့ အစ်ကိုရယ်... အစ်ကိုတို့လို အနုပညာသမားတွေကို ဒီအရက်ကပဲ ဖျက်ဆီးနေတာ”
စောစောစီးစီး တရားပြတာခံနေရသည်။ ကွမ်းယာဆိုင်နဲ့ ဓမ္မာရုံမှားပြီး ၀င်လာမိပြီထင်သည်။ လူချင်းပင် မသိသေး၊ သည်ကလေးမသည် ငါးကို ရေကူးသင်ပြနေပြန်သည်။ စိတ်ထဲက မကျေမနပ်နဲ့ နှုတ်မဆက်ဘဲ ဆိုင်ထဲက ထွက်လာခဲ့ သည်။ သူအံ့အားသင့်နေမည်ထင်သည်။ လှည့်မကြည့်။ ဟင်း...ဒင်းကတော့လား စာအုပ်ထဲမှာ ဘယ်နေရာက ထည့်ရေးလိုက်မယ်ဟု တွေးပြီး လျှောက်လာခဲ့ရာ ခင်ရိပ်သာကို ရောက်ခါနီးမှပင် သတိရသည်။
ကွမ်းဖိုးမပေးခဲ့ရသေးပါလား။ လက်ထဲက နာရီကို ကြည့်ုသည်။
အချိန်... မနက် ကိုးနာရီတိတိ
ခင်ရိပ်သာထဲမှ ကက်ဆက်သံထဲမှာ စိုင်းထီးဆိုင်၏ ငေါင်သံလေးတွေကို ကြားသည်။ တို့လည်း အိမ်ပြင်မှာ ငေါင် ၍နေသည်။ ခင်မြင့်ဝေ ကယ်ပေလို့။
“ဟော...အစ်ကိုဦး”
အခေါ်အဝေါ်ပင် ပြောင်းသွားသည်။ ဘာပဲဖြစ်ဖြစ် မမ ကို မတွေ့ခင်မှာ လူရင်းတစ်ယောက်ယောက်ကိုတော့ တွေ့ ထားသင့်သည်။
“လာ အစ်ကိုဦး... မမ ဘုန်ကြီးကျောင်းကို ခဏသွား တယ်”
မမနှင့်တို့သည် ရေစက်မဆုံ။ အုန်းနို့ခေါက်ဆွဲတစ်ပွဲ လာချပေးသည်။ ခေါက်ဆွဲဖတ်ထက် အသားတွေက ပို၍များသည်။ အုန်းနို့ကြက်သားဖြစ်၍နေသည်။ ပြီးတော့ ခင်မြင့်ဝေ သည် သူ့အော်တိုစာအုပ်မှာ တို့ကို ကဗျာရေးခိုင်းသည်။
ရုပ်ရှင်မင်းသားတွေ၊ အဆိုတော်တွေ၊ စာရေးဆရာတွေ တော်တော်များများ၏ လက်ရေးတွေကို မြင်ရသည်။ ဆုံးမစာ ဆန်သည့် ကဗျာတစ်ပုဒ်ကို တို့ ရေးပေးလိုက်သည်။
“အို... ဘုန်းကြီးကျနေတာပဲ”
ဘုန်ကြီးကျောင်းကနေ မမ ပြန်လာသည်။
“ဝေေ၀... သူ့ကို ဒီလောက်ဧည့်ခံမနေနဲ့။ သူက ဧည့်သည် မဟုတ်ဘူး”
ကြည့်ပါဦး။ မမ စကားတွေက ဘယ်လောက် ချစ် စရာကောင်းပါသလဲ၊ ဟုတ်သည်။ တို့သည် ဧည့်သည် မဟုတ်။ အိမ်ရှင်ဖြစ်အောင် ကြိုးစားရပေဦးမည်။ ကြိုးစား မည်ဆိုကာမှ မမသည် တို့နားကိုပင်မသီ။ တို့ နေရထိုင်ရ ရှက်လာသည်။ ရုတ်တရက် နှုက်ဆက်၍ ပြန်သည်။ ခင်မြင့် ဝေက စကားဖြင့်တားသည်။ မမကတော့လား မတားသည့် အပြင် သွားဟူ၍ မပြောရုံတမယ် ရယ်၍နေသည်။
နေ့စွဲ။ ။ ၃၀၊၆၊၈၀
အချိန်။ ။ ၁၁နာရီ
နေရာ။ ။ ပန်းဆိုးတန်းလမ်းပေါ်မှာ
လာမည်ဟု ဖုန်းကြိုဆက်သည်။ လာလေဟု ပြောသည်။ ထမင်းစားချိန်မှာ သွားသည်။ တစ်ခုခုစားမည် စိတ် ကူးထားသည်။ မမ ဆင်း၍ စောင့်နေသည်။
“မမ စောင့်နေတာ ကြာပြီလား”
“ကြာပြီပေါ့”
မမ ကြာပြီဆိုသော ဝေါဟာရသည် ငါးမိနစ်ပင်မပြည့်ပါ။
“တစ်ခုခုစားရအောင်လေ”
“ထမင်းစားပြီးပြီ”
“ဒါဖြင့် အအေးသောက်ပါလား”
“သွားလေ”
သွားတုန်းမှာပင် မိုးသက်လေက အရင်စလာသည်။ ပြီး တော့ မိုးရေစက်များပါ လိုက်လာသည်။ မမသည်သူ့ထီးကလေးကို ကပျာကသီ ဖွင့်၍ ဆောင်းသည်။ အတူတူဆောင်း ဖို့ စကားဦးလေးမျှပင် မသမ်း။ ဘဏ် ၂ ၏ ဆင်ဝင်အောက် ရောက်မှပင် တို့ မိုးခိုလိုက်ရပါသည်။
မမနှင့်အတူ အအေးသောက်ရင်း ရင်ထဲမှာ ပူနေပါသည်။ ပြောမည့်စကားလေးတွေကို စçတိုင်းလည်း ရွှေကြောင်ပါးမြီး ဖျားလိုက်သလိုပင် ၀ိုက်၍၀ိုက်၍ သည်နေရာကိုပင် ပြန် ရောက်ရောက်နေတတ်သည်။ နောက်ဆုံးတော့လည်း ထုံးစံ အတိုင်းပင် အအေးဖိုးကို တို့ကဦးအောင်ပေးကာ ထွက်တော်မူ ဆိုင်ကခွာဖြစ်သည်။
မမနှင့်ခွဲတော့လည်း ဘတ်စ်ကားဂိတ်ကို မရောက်ခင်မှာပင် မိုးက အငြိုးဖွဲ့၍ မကျေပွဲကလေး နွှဲလာပြန်သေးသည်။
ထီးမပါ မိုးအခါမှ သိပေမင့် တို့ကတော့ ထီးကို ဆောင်းလေ့မရှိ။ မိုးကိုသာ ရှောင်လေ့ရှိသည်။ မိုးလွတ်ရာ ကုန်သွယ် ရေး ၁ ရုံးအောက်ကိုကူးဖို့ ကုန်သည်လမ်းကိုအဖြတ်...
“ဟော... အစ်ကို မိုးမိပြီလား၊ လာလေ”
မိငယ်သည် ဘယ်ကလာလို့ ဘယ်ကိုသွားမည်မသိ။
“ဘယ်ကိုသွားမလို့လဲ”
“နံပါတ် ၂ ကားဂိတ်ကို”
“ဒီလိုဆို မိငယ်နဲ့ လမ်းကြုံသားပဲ လိုက်ခဲ့ပေါ့”
မလိုက်ပြန်ရင်လည်း အားနာစရာကျမည်ဆို၍ သူ့ထီး ကလေးကို ခိုခဲ့သည်။ မိငယ်အဖို့တော့ တို့နှင့် ထီးအတူ ဆောင်းရ၍ ဘာမျှ ထူးခြားပုံမရ။ တို့ရင်ထဲမှာသာ တို့ဘေးက မိငယ်သည် တစ်ခါတစ်ခါ မမဖြစ်၍နေလေသည်။
မိငယ် တို့ကို ကားဂိတ်ပို့ပြီး ပြန်ကတည်းက တို့ကို သက်သက် လိုက်ပို့ခြင်းသာဖြစ်သည်ဟု သိလိုက်သည်။ လက်ခုပ်သံ တစ်ချက် နှင်းတောင် အအေးခန်းထဲက ထွက်လာ သည်။ ခင်မြင့်ဝေ။
“လာ... အစ်ကို ကြုံတုန်း အအေးသောက်ရအောင်”
မသောက်ပြန်ရင်လည်း အားနာစရာပေမို့ ၀င်၍သောက် ပါသည်။ ခင်မြင့်ဝေသည် တို့အတွက်သာ မဟုတ်။ သူ့တို့ တစ်ဝိုင်းလုံးကို ဒိုင်ခံ၍ ရှင်းသည်။
“စားသာစား အားမနာနဲ့ မိဘပစ္စည်းကို ဖြုန်းမယ့်သူဆို လို့ ဝေေ၀တို့မိသားစုထဲမှာ ဝေေ၀တစ်ယောက်တည်းပါလာတာ”
ခင်မြင့်ဝေသည် ပီဘိကလေးငယ်တစ်ယောက်လိုပင် လွတ်လပ်စွာ ရယ်မော၍ သူ့အဖွဲ့တွေနှင့် တို့ကို မိတ်ဆက်ပေး နေသေးသည်။
“ဒါ တို့အစ်ကို စာရေးဆရာ စောဦးတဲ့ တို့နဲ့ တစ်ဝမ်းတည်းကွဲတယ်။ တစ်ဝမ်းစီ မွေးလာတာကိုး”
ခင်မြင့်ဝေသည် သူနှင့် တို့၏ရင်းနှီးမှုကို ပြသည်။
“အစ်ကို ဝေေ၀ကို လိုက်ပို့ဦးနော်”
သံယောဇဉ် ကြိုးကလေးကို တစ်ပတ်ထပ် ချည်လိုက် ပြန်သည်။
ခင်မြင့်ဝေကို လိုက်ပို့ပြီး မိငယ်ဆိုင်မှာ ကွမ်းဝင်၍စားမိ ပြန်သည်။ သည်ကလေးမသည် ပညာရှင် သိပ်ပီသပါသည်။ စကားကိုပင် ပညာပါစွာပြောသည်။
“ကွမ်းစားပြီးရင် ရေသောက်စရာမလိုတော့ဘူး မဟုတ်လား အစ်ကို”
လူကြီးရှက်တော့ မဲ့ပါသည်။
နေ့စွဲ။ ။ ၃၁၊ ၇၊၈၀
အချိန်။ ။ ည ၈ နာရီ
နေရာ။ ။ ပဲခူးကလပ်
တို့က စကားနည်းသည့်နေရာမှာတော့ လက်ပံပင် ဆက်ရက်ကျတတ်သည့် ဈာန်ရိပ်သာလို နေရာမျိုးမှာတောင် စကားနည်းသည်။ ခုလည်း မနက်က မမကို ရိပ်ဖမ်းသံဖမ်းပြ၍ လျှောက်ပြန်သံပေး ချစ်ရေးခွန်းစ ဆိုသည်။ မမသည် မတုန် မလှုပ်၊ ကျောက်ရုပ်ကပင် ဆရာတင်ရမည်။ သည်တော့လည်း တို့ရှက်သည်။
ရှက်သည့်အထဲမှာ တို့အစ်ကို ကိုရွှေသိန်းသည် စေတနာ ဗရပွနှင့် အဖော်လာ၍ဆွယ်သဖြင့် ပဲခူးကလပ်ကို ပါခဲ့သည်။ ဈာန်သာတစ်ဝက်ကျိုးသည်။ စကားမစသေး။ အရှိန်လေး ရစပြုမှပင် အစ်ကို့စကားသံလေးလေးကြီးကို ကြားသည်။
“နေပါဦးကွ... မင်းနဲ့ခင်မမ အခြေအနေက ဘယ်လိုလဲ”
“ထူးမခြားနားပါ အစ်ကိုရာ”
“ဒီလိုပဲကွ... မိန်းမတွေဟာ အသက်သုံးဆယ်ကျော်ရင် ကြောင်သွားရောကွ။ ခုဆို မင်းမမက သုံးဆယ့်လေးနှစ် ဘွဲ့ရ ပြီးသား။ ရာထူးက စာရေးကြီး၊ လခက လေးရာလောက်ဆို တော့ သိပ် စဉ်းစားတတ်နေပြီ။ သူတို့တွေက သိပ်ကြောက် တတ်သွားပြီကွ”
အစ်ကိုပြောတာကို လွန်ဆန်၍ မရ။ မမလို မိုးပြိုမှာကို ကြောက်သော တစ်တီတူးလို သတ္တ၀ါတစ်ဦးကိုမှ ချစ်လာမိသည့် တို့ကိုယ်တို့ သနားသလိုလိုနှင့် ဒေါပွလာမိသည်။
“ညီမလေးကျတော့ရော”
“မောသွားမှာပေါ့ အစ်ကိုရ”
ခင်မြင့်ဝေကိုကျတော့ တို့သည် မမလိုပင် ချင့်ချိန်သွားမိ သည်။ သူ့ဆီကနေ အချစ်ကလွဲလို့ ဘာမှ ရစရာမရှိ။ ခုတော့ လည်း မမကို ကိုယ်ချင်းစာသည်။ ရင်ထဲက အပူများကို ဈာန်အပူက မတိုးတော့။
နေ့စွဲ။ ။ ၇၊၁၂၊၈၀
အချိန်။ ။ မနက် ၁၀ နာရီ
နေရာ။ ။ ကျောက်တံတားမြို့နယ် တရားရုံး
ရတာမလို လိုတာမရသော လောကထဲတွင် ရသည့်အထဲ မှ တို့အလိုချင်ဆုံးသော ဆန္ဒလေးတွေကို ဖြည့်ဆည်းပေးနိုင် မည့် မိငယ်နှင့် လက်ထပ်လိုက်ပါသည်။
မိငယ်သည် တို့အပေါ်မှာ မိခင်လိုရော၊ ဘ၀ဖော်လို ရောပါ ဖေးဖေးမမ ကြင်ကြင်နာနာနှင့် ချစ်ပါလိမ့်မည်။
X X X
ကျော်စောသူ
၁၉၈၁ ခုနှစ်၊ ဇူလိုင်လ၊ အမှတ်၊၂၊ ပေဖူးလွှာမဂ္ဂဇင်း။
ရွှေအမြူတေ မှကူးယူဖော်ပြပါတယ် ရှင် ...။
ဒီဝတ္ထုလေးမှာ စာရေးဆရာ ရဲ. ခေါင်စဉ်ပေး ပုံလေးကိုကြိုက်နှစ်သက်လို . တင်လိုက်ပါတယ်
1 comment:
အင်းအဲလိုပဲဖြစ်တော့မယ်ထင်ပါရဲ့.........
Post a Comment